မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်း ကျင်းပ

မိုးနဲ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) မိုးနဲအခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နီလာမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ပြီး အထက်တန်းအဆင့် ကျောင်းသား/သူလေးများက လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် စနစ်တကျအမှိုက်စွန့်ပစ်ခြင်းအစရှိသည့် ခေါင်း‌စဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က စကားဝိုင်း ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ သူများအား မေးမြန်းဆွေးနွေးပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်ပညာရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုပေါင်းအင်အား ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ကိုကို