လားရှိုး ဇူလိုင် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းမြောက်) နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) တို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ပေးဝေခြင်းကို ဇူလိုင်လ ၁၇ ရက်က ရပ်ကွက် (၂)၊ နယ်မြေ (၁၉) ရှိ လမ်းမတော်လမ်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြတ်ထွန်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုင်းအေးကျော်၊ အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းမြောက်)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသက်နိုင်ဦး၊ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်လင်းဦးနှင့် တာဝန်ရှိသူများက လမ်းမတော်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တံဆိပ်ပါ "ယာဉ်အန္တရာယ်ကင်းရှင်းကြပါစေ" လက်ကမ်းစာစောင် ၂၀၀ စောင်၊ ဆိုင်ကယ်ဦးထုပ် ၅၀ လုံးနှင့် ရောင်ပြန်စတစ်ကာ ၂၀၀ ခုတို့အား ဖြန့်ပေးဝေခဲ့ကြောင်း သိရှိရသည်။
လူမော် (ပြန်/ဆက်)