မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၆ ခုနှစ်တွင် အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌လည်းကောင်း၊ ယနေ့နေ့လယ် ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြိုနယ်သမအသင်း(၉)သင်းမှတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဆုပေးပွဲအခမ်းအနားများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး၊  မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိတို့က ဂုဏ်ပြုဆုချီးမြှင့်ပွဲဖြစ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသည့်  တာဝန်ရှိသူများနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် ၂၀၂၆ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဖြေဆိုအောင်မြင်သူ စုစုပေါင်း ၁၂ ဦး၊ သင်္ချာ၊ ဓာတုဗေဒ နှစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ဇီဝဗေဒ တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးရှိပြီး တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်း မှာ ၃၈.၇၁ ရာခိုင်နှုန်းရှိသည့်အတွက် အဆိုပါ အောင်မြင်သူများအား ဂုဏ်ပြုသည့်အနေဖြင့် ဆုချီးမြှင့်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)