မိုင်းဆတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို အောင်ဇေယျဘက်စုံအားကစားတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အားကစားဆိုင်ရာအစည်းအဝေးတွင် သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို မိုင်းဆတ်မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဘောလုံးအသင်းတစ်သင်းလျှင် အုပ်ချုပ်သူနှင့် နည်းပြအပါအဝင် (၂၀)ဦး ပါရှိရမည်ဖြစ်ကြောင်းနှင့် အုပ်စု (၂) အုပ်စုခွဲကာ ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစား ကြရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင် ဘောလုံးအားကစားသမားများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနတွင် ဇူလိုင် ၂၁ ရက်နေ့နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ပြီး ပထမဆုကို ဆုဖလားအပါ အဝင် ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၇ သိန်းနှင့် တတိယဆုကို ငွေကျပ် ၅ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)