တာချီလိတ်မြို့၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲကျင်းပ

တာချီလိတ် ဇူလိုင် ၁၇

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲအခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တာလော့တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ကျောင်းသူလေးများအား အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်ပြည်သူအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့ကြသည့် သမိုင်းဝင်အခန်းကဏ္ဍများ၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေးအသိစိတ်ဓာတ်များ တိုးတက်ခိုင်မာစေရေးနှင့် သမိုင်းအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များအနေဖြင့် နားလည်တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်စေရေးတို့ကိုရည်ရွယ်၍ အာဇာနည်နေ့၏ သမိုင်းကြောင်းနှင့် အရေးပါမှုများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း