ပုလောမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ပုလော ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၄) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း၊ Ready made food အစားအစာများ စားသုံးမှုလျော့ချရေး၊ ပလတ်စတစ်ဖော့ဘူး သုံးစွဲမှုလျော့ချရေး၊ ဆိုးဆေးပါသောမုန့်များ စားသုံးမှုလျှော့ချရေးကို ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ သန်ကျဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို မူလတန်းရှိ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)