မူဆယ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မူဆယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကလေးများအရုပ်ဆက်ခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိ နံရံကပ်စာစောင်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ ပြိုင်ပွဲဝင်ဆုရပန်းချီကားများနှင့် သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယတန်းမှ ကျောင်းသား/ ကျောင်းသူလေးများအား အရုပ်ဆက်ခြင်းကိုဆောင်ရွက်ရာ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က ပထမဦးစွာ ကလေးငယ်များအား ပုံပြင်စာအုပ်ဖြင့် ပုံပြင်ဖတ်ပြခဲ့ပြီး၊ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက ပျားကောင်လေးများအား ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာအရုပ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)