ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် ဇူလိုင်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှ  သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို  ဦးစားပေးသင့်သည့် အခြေအနေများ၊ မိဘနှင့်သားသမီးကြားဆက်ဆံရေးအကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့် အခြေအနေများကို  အကျယ်တဝင့်  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)