မိုင်းကိုင်မြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမှတ်နွမ်းတို့က အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲသွေးကျော်က မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် စပါးမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းစိုက်ပျိုးသည့် ဆင်ခြေဖုန်းမြောက် ကျေးရွာအုပ်စုနှင့် ဝမ်ဟွေကျေးရွာအုပ်စုတို့မှ တောင်သူ ၁၆ ဦးတို့အား ကွန်ပေါင်းဓာတ်မြေဩဇာ၊ ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ စုစုပေါင်း ၁၂၀ အိတ်၊ SR 456  မျိုးစပါး  (၂၀၀) ကီလို၊ စပါး၊ ပဲပုတ်၊ ပြောင်း မျိုးစေ့ချစက်၊ ပိုးသတ်ဆေးဖျန်း PPE ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)