တန့်ယန်း ဇူလိုင် ၁၇
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် တန့်ယန်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသပေးနေမှုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးအသိပညာပေးကာ တီဘီနှင့် ငှက်ဖျားရောဂါပိုး ရှိ/မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များအား ဖြန့်ဝေပေးခြင်းနှင့် အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိပ်ကုပညာ၊ သားဖွား/ မီးယပ်ပညာ၊ အရိုးအကြောပညာ၊ နား/ နှာခေါင်း/ လည်ချောင်းပညာ၊ သွားနှင့်ခံတွင်းရောဂါစသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသကြသည့် ပြည်သူစုစုပေါင်း (၅၇၉) ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)