တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

တန့်ယန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော် တည်ဆောက်ရန်အတွက် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဗိမာန်တော် တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုခမိန္ဒထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်နှင့် အရာရှိကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း နှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ရတနာအုဌ်များနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်မည့်နေရာ၌ ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။

နေမိန္ဓရကုန်းတော်ရှိ အောင်တော်မူစေတီအနီးတွင် သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ရန်အတွက် အလျား (၁၄၅) ပေ၊ အနံ (၈၀) ပေရှိ နှစ်ထပ် ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော်ကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)