ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေး ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်လေးများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်း

တောင်ကြီး ဇူလိုင် ၁၇

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေးသည် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်လေးများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းသည်။

ဦးစွာ တောင်ကြီးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကိုယ်ဝန်ဆောင်မိခင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ကျန်းမာရေးအသိပညာဗဟုသုတများမျှဝေခြင်းနှင့် အသိပညာ‌ပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ ကိုယ်ဝန်ဆောင်မိခင်(၁၀)ဦးအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ကိုယ်ဝန်ဆောင်စမ်းသပ်ခန်း၌ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးနှင့် ရင်သွေးများ၏အခြေအနေအား စမ်းသပ်ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးနှင့်အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မြို့နယ်မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းသို့သွားရောက်၍ မူကြိုကလေးငယ်လေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းပြီး၊ ကလေးငယ်လေးများ၏ မိခင်များအား ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးသည် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်‌ရောက်၍ အမှာစကားပြောကြားရာတွင် အမျိုးသမီး‌ရေးရာအဖွဲ့သည် စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား စနစ်တကျချမှတ်ရန်လိုအပ်ကြောင်း၊ မမျှော်လင့်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူများနှင့်အတူ တာဝန်သိစိတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ယင်းနောက်  ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က အဖွဲ့၏လုပ်ငန်း‌ဆောင်ရွက်မှုများ အခြေအနေများအား ရှင်းလင်တင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အမှုဆောင်များမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လုပ်ငန်းဆောင်ရွက်ထားသည့် နံရံကပ်ဓာတ်ပုံများအား ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 ထက်ဝေ(ပြန်/ဆက်)