ကလော ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ၊လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆောင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက အာဇာနည်စိတ်ဓာတ်ကိုနှလုံးသွင်းခြင်းနှင့် ယနေ့ခေတ်လူငယ်ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများတိုးပွားရေးအတွက် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)