တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း၏ အသင်းဝင်မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ

တာချီလိတ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း၏ အသင်းဝင်မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ ဦးဘိုချိုက အသင်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အသင်းအတွင်းရေးမှူး ဦးတင်မြင့်ဝင်းက အသင်း၏ဘဏ္ဍာရေးနှင့်ငွေစာရင်းရှင်းတမ်းများကို တင်ပြရှင်းလင်းခဲ့ပြီး တာဝန်ရှိသူများက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းမှ ပေးပို့လာသည့် အသင်းဝင်မှတ်ပုံတင်ကတ်ပြားများကို အသင်းဝင်အသစ် ၂ ဦး ထံ ပေးအပ်သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (ထွေ/အုပ်)ဝန်ထမ်းဟောင်းအသင်းဝင်များ၏ မိသားစုဝင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေး အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့သည့် အလှူရှင် ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းဟောင်းအသင်းဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း