မိုးနဲ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) မိုးနဲအခြေခံပညာအထက်တန်းကျောင်း တန်းစီကွင်းစုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဆရာမ ဒေါ်ဝင်းမော်စိန်၊ ဒေါ်နန်းဖြူဖြူဝင်းနှင့် ဒေါ်ကြည်ပြာနှင်းတို့က အာဇာနည်ခေါင်းဆောင်ကြီးများ၏ တစ်ဦးချင်းအလိုက် အတ္ထုပ္ပတ္တိကို အသီးသီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်၏ ကြီးကြပ်မှုဖြင့် ပြောကြားပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဟောပြောပွဲဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/ သူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိကို ပိုမိုနားလည်သဘောပေါက်လာခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို မှတ်မှတ် ရရရှိနေခြင်း၊ အာဇာနည်နေ့ကို အမှတ်တရရှိနေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာခြင်းတို့အပြင် အသိပညာများကို ပြန်လည်ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားဂုဏ်ပြုသောအားဖြင့် စက္ကန့် ၃၀ ကြာ ဆရာ/မများနှင့်တကွ ကျောင်းသား/ သူများက ငြိမ်သက်ကာ အလေးပြုခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို