နမ့်စန်မြို့ ရွှေငါးကန်ဟိုတယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး၍ ဇာတ်တိုက်သရုပ်ပြ

နမ့်စန်(တ) ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထင်းရှူးမြိုင်ကျေးရွာရှိ ရွှေငါးကန် ဟိုတယ်တွင် ဆောင်ရွက် ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ငလျင်ဖြစ်ပွားစေသည့်အကြောင်းအရင်းများနှင့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးထိခိုက်မှုများ၊ ငလျင်ဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ငလျင်မကျရောက်မီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသောလူနာများကို ရှာဖွေကယ်ဆယ်ရာတွင်အသုံးပြုသည့်ကိရိယာများနှင့် အသုံးပြုပုံများကိုရှင်းလင်းပြောကြား၍ ကယ်ဆယ်ရေးနည်းလမ်းများကိုလက်တွေ့သရုပ်ပြခဲ့ရာ ဟိုတယ်မှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက ကိုယ်တိုင်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)