ဟားခါး ဇူလိုင် ၁၆
ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီနာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းဖြစ်ကုန်ကြမ်းများကို အခြေခံပြီး ဆောင်ရွက်ရန် မူဝါဒချမှတ်ထားပါကြောင်း၊ ချင်းပြည်နယ်မှ ထွက်ရှိသော ဝဥ၊ ထောပတ် နှင့် ကော်ဖီများသည် အခြားဒေသမှ ထွက်ရှိသည့် ဝဥ ၊ ထောပတ်နှင့် ကော်ဖီများနှင့်မတူဘဲ ထူးခြားမှု ရှိသည်ကို နိုင်ငံတကာက အသိအမှတ်ပြုပါကြောင်း ၊ ချင်းပြည်နယ်၏ မြေမျက်နှာသွင်ပြင် ပထဝီ အနေအထားအရ သဘာဝကပေးသည့် လက်ဆောင်ပင်ဖြစ်ပါကြောင်း ၊ မိမိတို့ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ MSME လုပ်ငန်းများ ဆောင်ရွက်ပါက မူဝါဒနှင့် ကိုက်ညီ သကဲ့သို့ အရည်အသွေးပိုင်းမှာလည်း အဆင့်အတန်းမီနိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ အရင်းအနှီးနှင့် နည်းပညာများ မည်မျှပြည့်စုံနေပါစေ အစိုးရနှင့် ပူးပေါင်းခြင်း ၊ အစိုးရမူဝါနှင့် ကိုက်ညီမှုမရှိပါက ရေရှည်တွင် မည်သည့်လုပ်ငန်းမျှ အောင်မြင်မူရရှိနိုင်မည်မဟုတ်ကြောင်း၊ ယနေ့အစည်းအဝေးသည် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များမည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်၊ မည်သည့်လုပ်ငန်းများ မည်ကဲ့သို့ စတင်ဆောင်ရွက်မည် စသည့်အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည့် အစည်းအဝေးဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်တို့က MSME လုပ်ငန်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ MSME လုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးအပေါ်အခြေခံသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း ၊ MSME အေဂျင်စီ ဗဟိုဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ လမ်းညွှန်ချက်များကို ချင်းပြည်နယ် MSME အေဂျင်စီ၏ လုပ်ငန်းလမ်းညွှန်များအဖြစ်ခံယူ၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက MSME အမျိုး အစားအလိုက် ထုတ်ချေးပေးနိုင်မှုအခြေအနေ၊ စိုက်ပျိုးရေးအစုအဖွဲ့၊ မွေးမြူရေးအစုအဖွဲ့ စသည့် ချေးငွေအမျိုးအစားနှင့် ချေးငွေပမာဏများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက MSME လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပိုင်ဆိုင်မှုအထောက်အထားရရှိနိုင်ရေး ၊ ချေးငွေများ ချေးယူနိုင်ရေး အတွက် လုပ်ငန်းစဉ်များ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ မှ ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့ အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
( ခရိုင် ပြန်/ဆက် )