မြိတ် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားစေရေးနှင့် ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေပြဌာန်းများကို သိရှိစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ဇူလိုင် (၁၆) ရက်နေ့ နံနက်ပိုင်းက အ.လ.က (၁) ကျောင်းတွင် ကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် အသိတရားများရရှိရေး၊ စာပေဗဟုသုတများ တိုးပွားလာစေရေးအတွက် စာအုပ်စာပေများကို များများလေ့လာ ဖတ်ရှုကြရန် ဟောပြောပြီး မြို့နယ်ဥပဒေအရာရှိ ဦးဇေယျအောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပြဌာန်းချက်များကို ဟောပြောသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်အိအိခိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချိုချိုစန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောသည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)