သရက်ချောင်း ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၌ ၂၀၂၆ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က သရက်ချောင်းမြို့ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်းပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေးဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကြောင်းကို အသိပညာပေးဟောပြောခဲ့ကာ ကျောင်းသား/ကျောင်းသူများနှင့် ဆွေးနွေးသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်စာစောင်များလည်း ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်ရန် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)