ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမျိုးမြင့်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နေ ရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်း အနားသို့တက်ရောက်

ဖလမ်း ဇူလိုင် ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင်လ ၁၄ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့၊မြို့တော်ခန်းမ၌နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့သွားရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊မြို့တော်ခန်းမ၌ကျင်းပ ပြုလုပ်သည့် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင် ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ ဘာသာရေး၊ ခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများနှင့်ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ကြပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြော ကြားရာတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာရုံးများလည်းပုံမှန် လည်ပတ်နေပြီးဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးမှာဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးပါကြောင်း၊ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော် ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံးပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကိုအတိုင်းအတာ တစ်ခုအဖြစ်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှကူညီပံ့ပိုးသော အခြေခံလိုအပ်သည့် စားသောက်ကုန်များနှင့်စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့်ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ဒုတိယဝန်ကြီးနှင့်ကော်မတီဝင်များမှနေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူ (၂၃၃)ဦးအတွက် ဆန်(၇၂)အိတ်နှင့်ဆီ(၂၇၃)ပိဿာထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက်ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကိုယ်စား မြို့မိမြို့ဖတစ် ဦးမှကျေးဇူးတင် စကားပြောကြားပြီး လိုအပ်ချက်များကိုတင်ပြရာ ဒုတိယဝန်ကြီးမှတင်ပြချက်များအပေါ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားသို့တက်ရောက်လာသည့် ပြည်သူများနှင့်တစ်ဦးချင်းရင်းရင်းနှီးနှီးအားပေး စကားပြောကြားခဲ့သည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနသို့ ရောက်ရှိခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးပေးခြင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအသိပညာပေးခြင်း များ၊(၅)နှစ်အောက် ကလေးများကိုတိုးချဲ့ ကာကွယ်ထိုးပေးခြင်းဆောင်ရွက်မှုအခြေ အနေများကို တာဝန်ရှိသူများမှရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှတင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးကာ ဆေးခန်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများကိုတစ်ဦးချင်းရင်းရင်းနှီးနှီးအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများပေး အပ်ခဲ့သည်။

ယနေ့အထိ ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးစီးဌာန၊ မိခင်နှင့်ကလေးကျန်း မာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင်(၃၄)ဦး နှင့်(၅)နှစ်အောက်ကလေး(၉၂)ဦးအား ကာကွယ်ဆေးထိုး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ကိုယ်ဝန်ဆောင် မိခင်(၁၅၈၀၂)ဦးနှင့်(၅)နှစ်အောက်ကလေး(၇၇၈၀)ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများနှင့် အသိပညာပေးခြင်းများကိုဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရှိရသည်။ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့်(၅)နှစ်အောက် ကလေးများအတွက် လိုအပ်သည့်ကာကွယ်ဆေး နှင့်ဆေးပစ္စည်းများကို အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးလျက်ရှိကြောင်းသိရပါ သည်။

ခရိုင်(ပြန်/ဆက်)