ကလော ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟို ဌာန၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်း က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူတို့က "အာဇာနည်နေ့ဒို့မမေ့နှင့် လေးစားကြည်ညိုရသော အာဇာနည်ခေါင်းဆောင်တစ်ဦး" ခေါင်းစဉ်တို့ဖြင့် မဲနှိပ်၍ ကျရာခေါင်းစဉ်ဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲအမှတ်ပေးဒိုင် ဆရာတစ်ဦးက အမှတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအသီသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်းနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအားပြသခဲ့ရာ အခမ်းအနားတက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)