နမ့်စန်တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဆုများချီးမြှင့် အခမ်းအနား ကျင်းပ

နမ့်စန်(တ) ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းနှင့် မိုးရိပ်ရှမ်းတောင် လူမှုကူညီရေးအသင်းတို့ပူးပေါင်းဆောင်ရွက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့သည်။

မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲတို့ကို နံနက်၉နာရီမှ နေ့လည်၁၂နာရီခွဲအထိ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း  (၃၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူများက ပြိုင်ပွဲများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ နေ့လည် ၂နာရီတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြော ပြိုင်ပွဲတို့တွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုး၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးစိုးမင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးမိုးခိုင်နှင့်အဖွဲ့ဝင်များက ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)