တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကျင်းပ

တောင်ကြီး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇူလိုင်  ၁၆ ရက် နံနက် ၉ နာရီက အမှတ် (၇) အ‌ခြေခံပညာအထက်တန်းကျောင်း၊အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ လူငယ်စကားဝိုင်းစေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန္စာဦးနှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ပြီး လူငယ်စကားဝိုင်းကို စတင်ရာ Grade-11 မှ မရှင်မင်းဦးက လူငယ်နှင့် ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မခိုင်ငြိမ်ငြိမ်စံက လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-11မှ မနန်းမျိုးသီရိအောင် က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှခွန်သိန်းဇော်ဦးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-11မှ မောင်ပြည်စုံ က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။ လူငယ်စကားဝိုင်းတွင် ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူများနှင့်စေ့စပ် ညှိနှိုင်းရေးမှူးတို့ကိုအမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသူ ကျောင်းသားလူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ Grade-9 Grade-10၊ Grade-11  ကျောင်းသား ၁၀၀ ဦး၊ ကျောင်းသူ ၁၄၅ ဦးနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)