နောင်ချို ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဆင်လမ်းစု အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ (ပေ၉၀×ပေ၃၀) စာသင်ကျောင်းဆောင်နှင့် (ပေ၉၀×ပေ၃၀) သိပ္ပံကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခိုင်ဇော်လတ်၊တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးစိုးခိုင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီသိန်း၊ အ.ထ.က (ခွဲ) ဆင်လမ်းစု ကျောင်းအုပ်ဆရာမကြီး ဒေါ်လှသန်းစိန်တို့မှ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်းက အဖွင့်အမှာစကားပြောကြာခဲ့သည်။ ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးခိုင်က ပညာရေးဆိုင်ရာလုပ်ငန်းအကျဉ်းချုံးကိုလည်းကောင်း၊ အ.ထ.က (ခွဲ) ဆင်လမ်းစု ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကားကိုလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးခိုင်ဇော်လွင်က ကျေးဇူးတင်စကားများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများမှ တို့ကျောင်းတော်သီချင်းဖြင့် ကပြခဲ့ကြသည်။
အဆိုပါ (ပေ၉၀×ပေ၃၀) စာသင်ကျောင်းဆောင်နှင့် (ပေ၉၀×ပေ၃၀) သိပ္ပံကျောင်းဆောင်တို့အား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်