မြို့သစ်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲကျင်းပ

မြို့သစ် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ(၁၇)ဦးက တေးရေးသဟာယဆရာတင်ရေးသားသည့် “အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း” သီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)