တာချီလိတ်မြို့၌ KG ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

တာချီလိတ် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ KG ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှု၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းထက်အောင် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက NELC Pre School မှ IEYC (International Early Years Curriculum) ဘာသာရပ်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား ကလေးများနားလည်လွယ်စေရန် ရုပ်ပုံများ၊ သရုပ်ပြလေ့ကျင့်မှုများဖြင့် မီးနှင့်မကစား သင့်သည့် အကြောင်းအရာများ၊ မီးလောင်မှုဖြစ်ပွားပါက အရွယ်ရောက်သူများကို အမြန်အကြောင်း ကြားရမည့် အချက်များ၊ မီးလောင်ရာနေရာမှ စနစ်တကျထွက်ခွာနည်းများ၊ မီးသတ်ယာဉ်၊ မီးသတ်ကိရိယာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မိတ်ဆက်ပြသကာ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းဖြင့် KG ကျောင်းသား၊ ကျောင်းသူများအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အခြေခံအသိပညာများရရှိစေရန်၊ မီးဘေးလုံခြုံရေးအသိစိတ်ဓာတ်များ တိုးပွားလာစေရန်နှင့် အရေးပေါ်အခြေအနေများတွင် မိမိကိုယ်ကို လုံခြုံစွာကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း