ကျောက်မဲ၌ မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပ

​ကျောက်မဲ ဇူလိုင် ၁၆

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒါစရိယ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက ခိုမုန်းကျေးရွာအုပ်စု၊ ထမ်းလင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

​ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက မြတ်စွာဘုရားအား ဆီမီးထွန်းညှိပူဇော်သည်။ ထို့နောက် သင်တန်းအထောက်အကူပြုစာရွက်စာတမ်းများကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်‌ဆွေဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေတို့က သြဝါဒါစရိယ ဆရာတော်ကြီးများထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

​ယင်းနောက် မြို့နယ်ဥက္ကဋ္ဌဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သင်တန်းမှူးဆရာတော် ဘဒ္ဒန္တဉာဏိဿရက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းသားအရေအတွက်ကို ဖတ်ကြားလျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်ဥက္ကဋ္ဌဆရာတော်ကြီးထံမှ ဩဝါဒကထာ နာယူကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ထံမှ ရေစက်ချတရားနာယူ၍ အမျှအတန်းပေးဝေခဲ့ကြသည်။

​အဆိုပါသင်တန်းတွင် နည်းပြဆရာတော်များနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း၊ သံဃာ့နာယကလက်စွဲနှင့် ညွှန်ကြားလွှာများ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခြေခံပညာရေးနှင့် သာသနာရေးဆိုင်ရာ ဥပဒေများကို ပို့ချဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် မီးသတ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေစာရင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ကဏ္ဍအလိုက် ဖိတ်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

​သင်တန်းသို့ သင်တန်းသားသံဃာတော် အပါး ၉၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄) ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်