လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ KG နှင့် Grade-1 ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

လင်းခေး ဇူလိုင်၁၆

ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရပြည့်ဝစုံလင်ပြီး ဉာဏ်ရည်နှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာ၊ အင်အားဖြစ်စေသောအစားအစာနှင့် ရောဂါကာကွယ်စေသောအစားအစာဟူသည့် အစာအုပ်စု(၃)အုပ်စုလုံးကို မျှတစွာစားသုံးတတ်စေရန်၊ အစာမစားမီလက်ဆေးခြင်း အလေ့အထကောင်းများရရှိလာစေရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများပူးပေါင်း၍ “အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ကျောင်းတွင်းအာဟာရမြှင့်တင်စို့” အစီအစဉ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာကျောင်းများရှိ (KG)နှင့် (Grade-1)ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရ (ထမင်းဟင်း)ကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အာဟာရအစားအစာများ မကျွေးမွေးမီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ မောင်မောင်သန်းက အစာမစားမီအစားအစာထဲသို့ အာဟာရဆေးမှုန့်ခပ်ထည့်ခြင်း လက်တွေ့ပြသရှင်းလင်းပေးပြီးနောက် ကလေးငယ်များအားနေ့ လည်စာအာဟာရကျွေးမွေးခဲ့ကြသည်။ ယနေ့ဤအစီအစဉ်အား လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း၌ KGနှင့် Grade-1 ကျောင်းသား/ ကျောင်းသူ ကလေးငယ် စုစုပေါင်း(၇၄)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တောင်ရွာ၌  (၇၉)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ပုန်းထွန်၌ ကလေးငယ်စုစုပေါင်း(၂၁)ဦးတို့အား နေ့လည်စာအာဟာရများကျွေးမွေးခဲ့ကြကြောင်း၊ ကလေးတစ်ဦးလျှင်ငွေကျပ်(၁၅၀၀ိ/-)နှုန်းဖြင့် ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အသား၊ ငါး၊ ဥ၊ နို့၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည်တို့ကို ကျွေးမွေးခြင်းကို ကျန်းမာရေးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ (၁၀)ကြိမ်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိ သူထံမှ သိရသည်။

ထိုသို့ကျွေးမွေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)