မိုင်းယောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ယမ်းခမ်းကျေးရွာ၊ ယမ်းခမ်းစက်သုံးဆီဆိုင်နှင့် ဝမ်တပ်ကျေးရွာအုပ်စု၊ ဟွေထမ်ကျေးရွာ၊ ဝမ်းဒီးဂရုပ်စက်သုံးဆီဆိုင်တို့အား စက်သုံးဆီဈေးနှုန်း၊ အခြင်အတွယ်နှင့် အရည်အသွေးမှန်ကန်စေရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စက်သုံးဆီရောင်းချခြင်းမပြုစေရေးတို့ကို မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော အင်အား ၁၁ ဦးဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာ၌ ယစ်မျိုးလိုင်စင် တည်နေရာပြောင်း၊ အမည်ပြောင်းလျှောက်ထားသည့်နေရာအားကွင်းဆင်းစစ်ဆေးပြီး မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမှတ်(၈)ရပ်ကွက်၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် အမှတ်(၈)ရပ်ကွက်ရှိ တိုင်းလိစာပေနှင့်ယဉ်ကျေးမှုအသင်းမြေနေရာနှင့် တိုင်းလိခန်းမမြေနေရာတို့အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း