ကျောက်မဲ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ၏ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂသဘောတူစာချုပ်နှင့်အညီ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းကို အင်တိုက်အားတိုက်ဆောင်ရွက်နေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်ပါ ကျား၊ မ တန်းတူညီမျှမှုရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ခရိုင်အတွင်း ရပ်ရွာအခြေပြုအိမ်တွင်းမှုအတတ်သင် သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်အနက် အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ခရိုင်အတွင်းအမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် အကြမ်းဖက်ခံရသည့်အမျိုးသမီးများအတွက် တရားရင်ဆိုင်စရိတ်နှင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေမှု၊ အမျိုးသမီးများ အပိုဝင်ငွေရရှိစေရေး အိမ်တွင်းမှုသင်တန်းများ ချိတ်ဆက်ဖွင့်လှစ်ပေးမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များကကဏ္ဍအလိုက် ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အထွေထွေဆွေးနွေးတင်ပြကြရာ ခရိုင်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်