မိုင်းခတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Unity Sports Design and Jersey တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီအချိန်က မိုင်းခတ်မြို့နယ်အားကစားကွင်း၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းခတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းသားများက အာကစားအဓိဌာန်ရွတ်ဆို၍ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းသူလေးများ စုစုပေါင်းအင်အား (၁၆၀) ဦးတို့က ထာဝရသစ္စာ တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ထို့နောက်စစ်ဗျူဟာအဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်နှင့် ဦးစိုင်းနော်ခေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး ဘောလုံးများ ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအား အုပ်စု (၂) အုပ်စုခွဲကာ အုပ်စု (က) တွင် ကိုဖြိုး (FC)၊ တပ်နယ်အသင်း၊ စွမ်းအောင်ဟိန်းအသင်း၊ Lahu United (FC) နှင့် အုပ်စု (ခ) တွင် GE (FC)၊ K M A (FC)၊ Old Star (FC) နှင့် Ar Kha (FC) အသင်းတို့ဖြစ်ပြီး ဖွင့်ပွဲပထမနေ့တွင် ကိုဖြိုး (FC) အသင်းနှင့် တပ်နယ်အသင်းတို့ကို စစ်ဗျူဟာအဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းက ဘောလုံးကန်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်ကစားသမားများက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)