ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ဟိုပုံး  ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂ဝ၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုသူ(၃၅၅)ဦး၊ အောင်မြင်သူ (၁၄၈)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာနှုန်း (၄၁.၆၉ %)၊ (၅) ဘာသာဂုဏ်ထူးရှင် (၃) ဦးအပါအဝင် ဂုဏ်ထူးရှင် (၃၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပါကြောင်း၊ ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပေါင်လင်း)ကျောင်းမှ ၂၀၂၆ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ (၈၈)ဦး၊ အောင်မြင်သူ (၆၅)ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာနှုန်း(၇၃.၈၆ %)၊ နိုင်ငံတော် Top(10) အဆင့်(၂)ဦး၊ (၆)ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးရှင်(၃၀)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပါကြောင်း၊ ကျောင်းသူ၊ကျောင်းသားများအနေနှင့်လည်း အဆင့်မြင့်တက္ကသိုလ်ပညာရေးခရီးမှာ ဆက်လက်ပြီး ထူးချွန်ထက်မြတ်သော ကျောင်းသားများဖြစ်လာရေးအတွက် အစဉ်အမြဲကြိုးစားနေရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် မျိုးဆက်သစ် ကျောင်းသားများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြုစုပျိုးထောင်သင်ကြားလေ့ကျင့်ပေးနေသည့် ပညာရေးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအားလုံးကိုလည်း ကျေးဇူးတင်ရှိဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် Top(10)ဝင် ကျောင်းသား၊ ကျောင်းသူ (၂)ဦး ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး ကို လည်းကောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၄)ဘာသာ ဂုဏ်ထူးရှင် (၂)ဦးကို လည်းကောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင် (၃)ဘာသာ ဂုဏ်ထူးရှင်(၁၁)ဦးကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင်(၂)ဘာသာ ဂုဏ်ထူးရှင်(၂၄)ဦးကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲတွင် (၁)ဘာသာ ဂုဏ်ထူးရှင် (၂၅) ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ များကိုယ်စား နိုင်ငံတော်အဆင့် Top(10)ဝင် (၆)ဘာသာဂုဏ်ထူးရှင် မောင်ခွန်ထွဋ်စုံဟန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)