မောက်မယ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းမိုခမ်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလေးများအား အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့်သမိုင်းကြောင်းကိုမမေ့လျော့စေရန်အတွက် မြန်မာ့လွတ်လပ်ရေး၏ အနှစ်သာရနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းအား ရှင်းလင်းဟောပြောပြီး အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာပေမှအသိပညာဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန စာရေးဆရာ ဦးဘုန်း(ဓာတု)၏ “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများနှင့်စာဖတ်ဝိုင်း ကျင်းပရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့်အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ပြီး (Community Centre)ခန်းမတွင်ပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေးအသိ ပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)