ကျောက်မဲ၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) သီရိရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းသားလူငယ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရနရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ကျောက်မဲခရိုင်၊ မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေး ရှောင်ရန်/ ဆောင်ရန်များနှင့် မီးစတင် လောင်ကျွမ်းချိန်တွင် စိတ်တည်ငြိမ်စွာ တုံ့ပြန်ငြိမ်းသတ်နည်းများ၊ လျှပ်စစ်မီးကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး သတိပြုရမည့်အချက်များကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးကိုကိုဦးက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ တိုင်ကြားနိုင်ရေးအတွက် “191 Application” ကို လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြရန် လှုံ့ဆော်ပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၏ အသုံးဝင်ပုံကို ရှင်းလင်းပြသသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း၌ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုဝတ်(စောင်)ဖြင့် အောက်ဆီဂျင်ဖြတ်တောက် ငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသကြသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသမှုသို့ ကျောက်မဲ (အ.ထ.က-၁) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော် တက်ရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဆေးဘူးများဖြင့် လက်တွေ့ပါဝင် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)