မိုးနဲ ဇူလိုင် ၁၅
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းအချိန်က မိုးနဲမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မိုးနဲမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအားရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြာကာ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဝန်ထမ်းအိမ်ယာနှင့် ဇရပ်တို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကွန်ပျူတာခန်း၊ စာသင်ခန်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခြင်း၊ အန္တရာယ်ဆောင်နှင့် ပြုပြင်ရန်လိုအပ်သောကျောင်းဆောင်များ အားကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပုလဲဆောင်ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/ သူများနှင့် တွေဆုံခဲ့ပြီး ကျောင်းသုံးစာရေးကိရိယာနှင့် အားကစားဆိုင်ရာပစ္စည်းများ ပေးအပ်ခြင်း၊ Grade-12 တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့မအခြေခံပညာအလယ်တန်း ကျောင်းသို့ရောက်ရှိပြီး ကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာနှင့် မိုးတွင်းရေဝင်သည့် ကျောင်းဆောင်အားကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်အားကစားကွင်းသို့ရောက်ရှိပြီ မိုးလုံလေလုံ အားကစားရုံနှင့် ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာလိုအပ်ချက်များ ကိုမှာကြားခဲ့ပြီး အားကစားဆိုင်ရာပစ္စည်းနှင့်ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူ များက ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)