ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့၊ လွိုင်လင်မြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့နယ်များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့နယ် အားကစားကွင်းနှင့် အားကစားရုံသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီး ပြည်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ မြို့နယ်အတွက် အားကစားပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာဖြည့်အစားအစာများ ပေးအပ်လှူဒါန်းပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ဆေးရုံအတွက် အလှူငွေများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း (ခွဲ) လေတပ်သို့လည်းကောင်း၊ နမ့်စန်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ကြီးများက ကျောင်း၏အခြေအနေမျာအား ကဏ္ဍအလိုက် လိုက်ပါရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်းများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းအတွက် အားကစားပစ္စည်းများ၊ စာရေးကိရိယာများနှင့် လှူဒါန်းငွေများကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူသည်။

ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန POLYTECHNIC UNIVERSITY (PANGLONG) သို့ သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်ပါရှင်းလင်တင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ကျောင်းအတွက် အားကစားသုံးပစ္စည်းများနှင့် လှူဒါန်းငွေများအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ်အားကစားကွင်းသို့သွာရောက်၍ လိုအပ်သည်များမှာကြားကာ အားကစား ပစ္စည်းများပေးအပ်သည်။ ထို့နောက် လွိုင်လင်မြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိ၍ ဆေးကုသမှုခံယူ နေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာဖြည့်အစားအစာများ ပေးအပ် လှူဒါန်းပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လွိုင်လင်ဆေးရုံတွင် ကျောက်ကပ်ဆေး၍ ကုသသည့်စက် လိုအပ်လျက်ရှိရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များမှာကြားကာ ဆေးရုံအတွက် အလှူငွေများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် လွိုင်လင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် လွိုင်လင်မြို့နယ်၊ မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းအုပ်ကြီးများက ကျောင်း၏အခြေအနေမျာအား ကဏ္ဍအလိုက် လိုက်ပါရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကျောင်းအတွက် အားကစားသုံးပစ္စည်းများနှင့် လှူဒါန်းငွေများအား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် လွိုင်လင်မြို့နယ် မိုင်းပွန်တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ဆေးကုသမှုခံယူနိုင်ရန် ပံ့ပိုးငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဆေးရုံတွင် သောက်သုံးရေအခက်အခဲရှိပါသဖြင့် တွင်းဝအကျယ် (၄) လက်မနှင့် အနက်ပေ (၆၀၀) ရှိ စက်ရေတွင်းတစ်တွင်း တူးဖော်လိုပါကြောင်း တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆေးရုံသန့်ရှင်းသာယာ၍ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြား၍ ဆေးရုံအတွက် အလှူငွေများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)