ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီးနောက် Green Gold ကော်ဖီစက်ရုံရှိ Green Gold အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ Green Gold ကော်ဖီစက်ရုံ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုသည်။

ထို့နောက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၈၇.၁၁၆) သန်းဖြင့် ဆောင်ရွက်သည့် အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ်တဝိုင်း-ဟိုနမ့်လမ်း မြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်အား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်(VDP)ဖြင့် လွယ်လွမ့်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ပအိုဝ်းရိုးရာဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်း ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင် ဖွင့်လှစ်သည့် ဝင်ငွေတိုးစီမံကိန်းသင်တန်းများအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)