ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နည်းပညာတက္ကသိုလ် (ဘားအံ)၏ မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဇူလိုင် ၁၅

ကရင်ပြည်နယ်နည်းပညာတက္ကသိုလ် (ဘားအံ) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့ထိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံ အသီးသီးတို့တွင် ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ အားကစားပြိုင်ပွဲများမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ဗလငါးတန်ပြည့်စုံဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏တက္ကသိုလ်ဂုဏ်၊ ကရင်ပြည်နယ်ဂုဏ်နှင့် နိုင်ငံတော်ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်နိုင်ကြသူများဖြစ်ကြပါစေကြောင်း ပြောကြားပြီး ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲအတွက် ငွေကျပ် ၂၃၆၀၀၀ဝိ/-(နှစ်ဆယ့်သုံးသိန်းခြောက်သောင်းကျပ်)ကို ကျောင်းအုပ်ဆရာကြီးထံချီးမြှင့်ပေးအပ်သည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ ကြက်တောင် အားကစားနည်း (၅) မျိုးဖြင့် ပြိုင်ပွဲဝင်အားကစားသမား ၂၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ကြက်တောင်အားကစားပြိုင်ပွဲ အသင်းလိုက်ဗိုလ်လုပွဲစဉ်အနေဖြင့် Civil အသင်းနှင့် Electrical Power အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် Electrical Power အသင်းက သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ စစ်တုရင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကြက်တောင်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော Electrical Power အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု၊ ဆုဖလားနှင့် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသော Electrical Power အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ် ချီမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)