ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်

ဘားအံ ဇူလိုင် ၁၅

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားအားပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ရာ ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ် မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဦးစွာ ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့ဝင်ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ မူဝါဒ၊လမ်းညွှန်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကာ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်က မြန်မာနိုင်ငံ အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်စေရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားပြီး အထူးအဖွဲ့ အတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက တရားမဝင်ကုန်သွယ်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)