မြိတ် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ရန်၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန်အတွက် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ဇူလိုင် (၁၄) ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်း စုပေါင်းသီဆိုအလေးပြုခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းဒေသကြီးသည် စီးပွားရေးအရသာမက ယဉ်ကျေးမှုအရလည်း ကြွယ်ဝသော ဒေသတစ်ခုဖြစ်ပြီး ဗမာ၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်၊ ဆလုံ(မော်ကင်)နှင့် အခြားတိုင်းရင်းသားများသည် မိမိတို့၏ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းလက်ဆင့်ကမ်းရင်း အတူတကွ ယှဉ်တွဲနေထိုင်လျက်ရှိကြောင်း၊ ထိုကဲ့သို့ မတူကွဲပြားမှုများသည် ပြည်ထောင်စုကို ပိုမိုဖွံ့ဖြိုးတိုးတက်စေသော အင်အားတစ်ရပ်ဖြစ်ကြောင်း၊ စာပေသည် လူမျိုးတစ်မျိုး၏ ဝိညာဉ်ဖြစ်ပြီး ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင် အမှတ်အသားဖြစ်ကြောင်း၊ စာပေမပျောက်လျှင် လူမျိုးမပျောက်နိုင်သကဲ့သို့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ မိမိတို့၏ သမိုင်းအမွေအနှစ်နှင့် အမျိုးသားလက္ခဏာများကို နောင်လာနောင်သားများထံ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်အနုပညာအသင်းမှ တနင်္သာရီရိုးရာ တော်ဝင်နဂါးလှေတော်ရေခင်းအကနှင့် ရိုးရာ နဂါးကပ်ဆီမီးမျှောပူဇာအကဖြင့် ဖျော်ဖြေခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးထင်ပေါ်က ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုများ၏ လက်ရှိအခြေအနေ၊ စိန်ခေါ်မှုများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်များကို ဆွေးနွေးဖလှယ်ရန် အရေးပါသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး အချင်းချင်း အတွေ့အကြုံများကို မျှဝေကာ ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာလာမည်ဟုယုံကြည်ကြောင်း ပြောကြားသည်။
တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖော်ကျူးတင်ဆက်ခြင်းနှင့် တနင်္သာရီသမိုင်းစာတမ်း၊ ကရင်ရိုးရာသမိုင်းစာတမ်း၊ မွန်ရိုးရာသမိုင်းစာတမ်း၊ တနင်္သာရီသန္တုတ် သမိုင်းစာတမ်း၊ တနင်္သာရီရိုးရာ ချည်ချည်ခြင်းနှင့် နတ်လမ်းပြနဝထပ် (နဝဒတ်) အိုင်ဓလေ့ အစီအရင်စာတမ်းတို့ကို တာဝန်ရှိသူများက ဖတ်ကြားခြင်း၊ တက်ရောက်လာကြသူများက သိလိုသည်များကိုမေးခွန်းများ မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။
ယင်းနောက် တိုင်းရင်းသားရိုးရာ အကအလှများ ဖော်ကျူးတင်ဆက်သည့် အကအဖွဲ့များနှင့် စာတမ်းများ တင်ပြဖတ်ကြားသူများကို တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပညာရှင် ဒေါက်တာဆလိုင်းအင်ဒရူးငွန်ကျုံးလျန်၊ ဒေါက်တာနန်းလှိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ်နှင့် Polytechnic University Myeik တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)