ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ်ဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)၏ ၆၆ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာသို့ တက်ရောက်ဖူးမြော်ကြည်ညို

ဘားအံ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက် ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ (၆၆)နှစ်မြောက် ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအထိမ်းအမှတ် ငှက်လွှတ်ကုသိုလ်တော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ငြိမ်းချမ်းရေးချိုးငှက်အကောင်ရေ ၁၀၈၀ ကောင်ကို ဘေးမဲ့လွှတ်ပေးခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)