ကော့သောင်း ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်သည် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်/မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ခရိုင်/မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအနေဖြင့် တရားမဝင်ကုန်သည်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူစိတ်၊ တာဝန်ခံစိတ်အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်သူကအားကိုးထိုက်သည့် ဌာနများဖြစ်အောင် ဥပဒေနှင့်အညီကျင့်ကြံဆောင်ရွက်သည့် ပုံရိပ်ကောင်းများ တည်ဆောက်ကြရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကဏ္ဍစုံမှ ဟန်ချက်ညီစွာဖြင့် တရားမဝင်ကုန်သွယ်မှုမှ တရားဝင်ကုန်သွယ်မှုများဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားသို့သွားရောက်၍ ကုန်တင်သင်္ဘောများဖြင့် ကုန်စည်များ တင်သွင်း၊ တင်ပို့မှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများမှ SOP လုပ်ငန်းစဉ်များဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ရွှေဟင်္သာရပ်ကွက်ရှိ FOB စစ်ဆေးရေးစခန်းသို့သွားရောက်၍ ကမ်းနီး၊ ကမ်းဝေး ငါးသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းစဉ်များ၊ FOB စနစ်ဖြင့် ပြည်ပသို့တင်ပို့မှုများ၊ ဌာနပေါင်းစုံပါဝင်သည့် (One Stop Service) အဖွဲ့များမှ ဌာနအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ၊ ကော့သောင်းမြို့ နယ်စပ်အဝင်/အထွက်ဂိတ်အဆောက်အဦသို့ သွားရောက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများအား အဝင်၊ အထွက် စစ်ဆေးမှတ်ပုံတင်ခြင်းနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြားများဖြင့် ထိုင်းနိုင်ငံသို့ ခရီးသွားလာလည်ပတ်နေမှုနှင့် ကျွန်းခရီးစဉ်များဖြင့် အပန်းဖြေလည်ပတ်မှုများအခြေအနေအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)