ဘုတ်ပြင်း ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၁၄ ရက် နံနက်(၁၀)နာရီက ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း၌ ကျင်းပသည်။
စကားဝိုင်းတွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူးရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲနုဇင်မွန်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွေးက လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်သည်များကို ပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတ ပြည့်စုံပြီး နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရန်၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှု ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်းမှ Grade-7 မှ မောင်ဇာနည်မင်း၊ Grade-9 မှ မောင်သီခန့်ကျော်၊ မောင်ဇေယျာမင်းလွင်၊ မောင်ထက်ကောင်းယံ၊ မစိုးစန္ဒာထွန်းနှင့် Grade-11 (စိုက်ပျိုးရေး)မှ မသဇင်ကျော်မြင့်တို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ခေါင်းဆောင်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ ဂိမ်းစွဲလန်းမှုလျော့ချရေးနှင့် အဓိပ္ပာယ်ရှိသော လူနေမှုဘဝကို တည်ဆောက်ခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးစသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးခဲ့သည့်ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်တိုးတက်မြှင့်မားရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ် စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)