ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)၏ ၆၆ နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာသို့တက်ရောက်ဖူးမြော်ကြည်ညို

ဘားအံ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ (၆၆)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအထိမ်းအမှတ် ငှက်လွှတ်ကုသိုလ်တော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ငြိမ်းချမ်းရေးချိုးငှက် အကောင်ရေ ၁၀၈၀ ကို ဘေးမဲ့လွှတ်ပေးခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)