ကျောက်မဲမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

​ကျောက်မဲ ဇူလိုင် ၁၄

​ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (အမက-၄) တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်သည့် အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

​ဟောပြောပွဲတွင် ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းထွန်းက ရေထိန်းတောများအား ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်မူမူသိန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ကျောက်မဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေးက ရေချိုသယံဇာတအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

​ယင်းနောက် ဟောပြောပွဲအကြောင်းအရာများနှင့်ပတ်သက်၍ အပြန်အလှန်မေးမြန်းဆွေးနွေးရာတွင် ဖြေကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

​ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် စိန်ပန်းပြာ၊ စိန်ပန်းနီ၊ မဟော်ဂနီ၊ ပန်းမယ်ဇလီနှင့် ရေတမာ ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

​(ခရိုင် ပြန်/ဆက်)