တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သယံဇာတဖွံ့ဖြိုးရေးနှင့် တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ သယံဇာတဖွံ့ဖြိုးရေးနှင့်တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရေးအလုပ်ရုံပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မိမိတို့တိုင်းဒေသကြီးသည် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရှည်လျားသော ကမ်းရိုးတန်းနှင့်ရေသယံဇာတများ၊ သာယာလှပလွန်းသော ပင်လယ်ကမ်းခြေများနှင့်ကျွန်းများ၊ ရှေးဟောင်းဘုရားပုထိုးစေတီများနှင့် အဆောက်အအုံများ၊ ဘာသာစကား၊ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ သဘာဝသစ်တောကြီးများ၊ တောရိုင်းတိရိစ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ငှက်သိုက်၊ ဓာတ်သတ္တု၊ ရေနံ၊ ပုလဲနှင့်သဘာဝဓာတ်ငွေ့ စသည့်သဘာဝသယံဇာတများစွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ သယံဇာတများကို စည်းကမ်းတကျဖြင့် ပတ်ဝန်းကျင် မပျက်စီးရလေအောင် ရေရှည်တည်တံ့မည့် (Sustainable Development) လမ်းကြောင်းအတိုင်း ဖော်ထုတ်အသုံးချနိုင်မှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ရေရှည်ခိုင်မာအားကောင်းလာမှာဖြစ်ကြောင်း၊ ကမ်းရိုးတန်းမြန်မာ့ပင်လယ်ပြင်က ထွက်ရှိသည့် မြန်မာ့ပုလဲအနေဖြင့် ဒေသနှင့် နိုင်ငံတော်အတွက် ဂုဏ်ယူစရာကောင်းသော ကဏ္ဍကြီးတစ်ခုဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းစီးပွားရေးလည်ပတ်မှုကို အားကောင်းစေသည့်အတွက် လူမှုစီးပွားဖွံ့ဖြိုးရန် တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းဖြစ်ကြောင်း၊ သယံဇာတများကိုကာကွယ် စောင့်ရှောက်ရန် အစိုးရနှင့်သက်ဆိုင်ရာဌာနများသာမက ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုက အဓိကကျသော အင်အားဖြစ်ကြောင်း၊ အဖိုးတန်လှသည့်သယံဇာတများကိုအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေသည့် တရားမဝင် လုပ်ငန်းများလျော့နည်းပပျောက်ရန်နှင့် ချမှတ်ထားသော ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့ဒေသရေရှည်ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိန်ခေါ်မှုများ၊ အကြံပြုချက်များကိုပွင့်လင်းစွာ ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်သူလူထု၏ တင်ပြဆွေးနွေးချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဖြေရှင်းပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ သယံဇာတများကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ပြီး နောင်လာနောက်သားများအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို အမွေပေးနိုင်စေရန်အတွက် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် Video Clip ပြသနေမှုကို ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် တက်ရောက်လာကြသူများတို့က ကြည့်ရှုအားပေးသည်။

ဆက်လက်၍ သယံဇာတဖွံ့ဖြိုးရေးနှင့်တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများတို့က အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)