မိုင်းယောင်း ဇူလိုင် ၁၄
ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှစိုက်ထုတ်ကုန်ကျစရိတ်လျော့နည်းစေရန်၊ ရောဂါများကိုအချိန်မီစောစီးစွာ သိရှိကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၁၈ ရက်တွင် ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများ ဆေးကုသပေးနိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့ပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် မြို့နယ်စည်ပင်သာယာရေးဌာနအစည်းအဝေးခန်းမ၌ ပန်းခြံနှင့် နာရီစင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း