တောင်ကြီး ဇူလိုင် ၁၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awarness Campaigm) အစီအစဉ်ဖြင့်ကျင်းပသည့် အခွန်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အခွန်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ၍ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမော်က အခွန်ဆိုင်ရာအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ အလားတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာမာသက်နှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား အခွန်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသို့ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတက်ရောက်ပြီး အခွန်ဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မင်းသန့်(ပြန်/ဆက်)