ရှမ်းပြည်နယ် စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

တောင်ကြီး ဇူလိုင် ၁၄

ဟိုတယ်၊ ခရီးသွားလာမှုနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ Kunming Vocational University of Science and Technology နှင့် ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့်ကျင်းပသည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ မဟာယနဘုရားရှိခိုးကျောင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး‌ဒေါက်တာလဆိုင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုသင်တန်းများကိုဖွင့်လှစ်ပေးခြင်းအားဖြင့် ခရီးသွားလုပ်ငန်းများတွင်လည်း များစွာအကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့သည့် အတတ်ပညာများကို ပြန်လည်မျှဝေပေးစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဖူကျင့် နိုင်ငံတကာဘာသာစကားသင်တန်း‌ကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး‌ ဒေါက်တာလဆိုင်းက သင်တန်းတွင်သင်ပြပေးမည့် နည်းပြစာဖိုမှူးကို အမှတရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး သင်တန်းနည်းပြစာဖိုမှူးများ၏ လက်တွေ့ချက်ပြုတ် သင်ပြနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းကို သင်တန်းသား/သင်တန်းသူ(၈၇)ဦးအား  (၆)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)