ကော့သောင်းမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများအတွက် အာဟာရဖြည့်စွက်စာများ ပေးအပ်

ကော့သောင်း  ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးသည် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု၊ (၇)မိုင်‌ ကျေးရွာရှိ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းမှသို့ သွားရောက်၍  ကျောင်းသား/ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာများပေးအပ်သည်။

တိုင်းဒေသကြီးဝန်ကြီးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနာဂတ်တွင် နိုင်ငံတော်၏ စားရေဖူလုံရေး ဆောင်ရွက်ရန်အတွက် ပခုံးပြောင်းတာဝန်ထမ်းဆောင်ရန် ဝမ်းစာပြည့်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ကော့သောင်းမြို့အတွင်းရှိ ဥယျာဉ်ခြံများ၊ စိုက်ခင်းများသွားရောက်လေ့လာ၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများအား လက်တွေ့ကျကျအသုံးချ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများ ပြီးစီးသည့်အခါ အဆင့်မြင့်တက္ကသိုလ်များ ဆက်လက်တက်ရောက်နိုင်ရေး၊အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အစိုးရအဖွဲ့အ‌နေဖြင့် သက်ဆိုင်ရာမှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရပ်များအား ကြိုးစားသင်ယူ၍ မိမိတို့သင်ကြားလေ့ကျင့် တတ်မြောက်ထားကြသည့် စိုက်ပျိုးမွေးမြူရေးပညာရပ်တွေဖြင့် မိမိဒေသ၊ မိမိတို့နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်အမှာစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည်  ကျောင်းသား၊ကျောင်းသူများအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လက်တွေ့သရုပ်ပြစိုက်ခင်းများနှင့် မွေးမြူရေးခြံများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)